'' အချစ်ဆုံးရေ ''

 

ကျွန်တော် ဒီကဗျာလေးကို လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ဖတ်ခဲ့ဖူးတာပါ။ တင်ပေးချင်တာလည်းကြာပါပြီ ။ဒီနေ့တော့ တင်ပေးလိုက်ပါပြီ။ကဗျာလေးက ဆရာ မောင်ဇေတု ရဲ့ ''နှင်းမှုန်မှုန်ထဲက လိုတရသစ်ပင်'' ဆိုတဲ့ ဘာသာပြန် ကဗျာ စာအုပ်လေးထဲက ကဗျာကောင်းလေးတပုဒ်ပါ။ မူရင်းနာမည်က WHEN I AM DEAD, MY DEAREST ပါ ကဗျာ ဆရာကတော့ '' အချစ်ဆုံးရေ '' လို့ဘာသာပြန်ထားပါတယ်။မူရင်း ကဗျာကို ရေးဖွဲ့သူက ခရစ်စ်တီးနား ရောဆက်တီ (CHRISTINA ROSSETTI ) ဆိုတဲ့ အမျိုးသမီး ကဗျာဆရာမ တယောက်ပါ။ သူ့ကို ၁၈၃၀ ရဲ့နောက်ဆုံးလ လန်ဒန်မှာမွေးတာပါ။ သူကအချစ်ရေး ကံမကောင်းရှာပါဘူး ချစ်ရဲ့သားနဲ့ အိမ်ထောင်မပြု လိုက်ရတဲ့ အဖြစ်မျိုး နှစ်ခါတောင် ကြုံ ခဲ့ရပါတယ်။ တော်တော် နာကျင်ခဲ့ရ မှာပါ။ အသက် ၆၄ နှစ်အရွယ် ၁၈၉၄ ခုနှစ်မှာ သူဒီလောကကြီးထဲကနေ ထွက်သွားခဲ့ပါတယ်။ ဒီကဗျာလေးရဲ့သက်တမ်းက လည်း အခုဆို နှစ်ပေါင်း တရာကျော်ပြီ ဖြစ်တဲ့ ကဗျာ ဟောင်းလေး တပုဒ်ပါ ဒါပေမဲ့ ကောင်းနေဆဲပါပဲ။ ကဗျာလေးက ကိုယ်ဆုံးပါးသွားတဲ့ အခါ ဒီလူ့လောက ကြီးထဲက နေ ထွက်ခွါ သွားရတဲ့ အခါမှာ ကိုယ်မြတ်နိုးတန်းဖိုးထားရတဲ့သူတွေကို ကိုဖြစ်ချင်တာလေးတွေ မှားတမ်းချွေထားတဲ့ ချစ်မှာတမ်းလေးတပုဒ်အကြောင်းပါ ။ သေချာပါတယ် တချိန်ချိန်တော့ ကျွန်တော်တို့ ဒီလူ့လောကကြီးထဲကနေ ပျောက်ဆုံးသွားရမှာပါ။ ဒါခါးသီးတဲ့ အမှန်တရားတခုပါ။ အဲဒီအချိန်မှာ ကျွန်တော်တို့ကို သိခဲ့တဲ့သူတွေကသတိရချင်လည်း ရကြလိမ့်မယ်။ အချိန်ကြာလာတာနဲ့ အမျှ မေ့တဲ့သူတွေ ကလည်း မေ့ကောင်းမေ့ကုန်ကြလိမ့်မယ်။ ဒီလိုဆိုရင် ကျွန်တော်တို့ မရှိတော့မယ့် အဲဒီအချိန်တွေအတွက် ကိုယ်ချစ်တဲ့ သူတွေကို ဘာတွေ ကြိုမှာ ကြမလဲ ဘာတွေ မှာထားခဲ့ချင်သလဲ။ကဗျာဆရာမရဲ့ မှာတမ်းခြွေခဲ့ပုံလေးကတော့ ချစ်စရာကောင်းပါတယ် ရိုးလည်းရိုးသားပါတယ်။ ကဲ ကျွန်တော်တို့ ခံစားကြည့်ကြရအောင်။
( ဘာသာပြန်ကဗျာ မှာဆရာ မောင်ဇေတု ၏အာဘော် သာဖြစ်ပါသည်။ မူရင်း အင်္ဂလိပ်က ဗျာတော့ မတင်တော့ဘူးဗျာ ရေးရမှာပျင်းလို့🙂)
 
''   အချစ်ဆုံးရေ ''
 
အချစ်ဆုံးရေ ၊ ငါသေတဲ့အခါ
ငါ့အတွက် ဝမ်းနည်းတေးမဆိုနဲ့ကွယ်
င့ါခေါင်းရင်းမှာ နှင်းဆီမစိုက်ပါနဲ့
အရိပ်ကောင်းတဲ့ ဆိုက်ပရပ်ပင်လည်း မစိုက်နဲ့ကွယ်။

ငါ့အပေါ်က မြက်စိမ်းတွေသာ
မိုးစက် နှင်းစက်တို့နဲ့ စိုနေပါစေ။
မင်းသတိရလိုက သတိရပါ။
မေ့လိုက မေ့ပါလေ။

ငါ အရိပ်တွေကို မြင်မယ်မဟုတ်ပါ။
ငါ မိုးကို ခံစားမယ် မဟုတ်ပါ။
ငါ နိုက်တင်းဂေးငှက် ဝေဒနာနဲ့
တေးဆိုတာကို ကြားမယ်မဟုတ်ပါ။

အထွက် အဝင်မရှိတဲ့ ဆည်းဆာမှာ
အိပ်မက်မက်ရင်း
ငါ•••••••••
သတိရချင်လည်း ရမှာ
မေ့ချင်လည်း မေ့နေမှာ ။
                              CHRISTINA ROSSETTI
 (မောင်ဇေတု ၏ ''နှင်းမှုန်မှုန်ထဲက လိုတရသစ်ပင် '' မှ )
 

Comments