'' ကျွန်တော် နှင့်ပုံပြောကောင်းသော အဖွားအို''
ကျွန်တော် ငယ်ငယ် ကနေခဲ့တဲ့ ရွာကလေးမှာ လျှပ်စစ်မီးမရှိပါဘူး။ လက်ဖက်ရည်ဆိုင်မရှိဘူး။ ပရီးမီးယားလိဒ် ဘောလုံးပွဲတွေ ကြည့်ရမှန်းလည်းမသိဘူး။ KTV မရှိဘူး။ ပျော်စရာလည်းသိပ်များများစားစားမရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အရမ်းပျော်ခဲ့ကြတယ်။ လပြည့်ညတွေမှာ ဒီထိုးတမ်းကစားရတာ၊ လိပ်ဥဖွက်တမ်းကစားရတာ ၊ကျောက်ရုပ် ကျောက်ပျက် တမ်းကစားရတာ၊ သူငယ်ချင်းတွေနဲ့ ပုဆိုးကွင်းသိုင်း ပြီ ဂျင်ပေါက်တမ်းကစားရတာ တွေဟာ သိပ်ပျော်စရာကောင်းခဲ့တယ်။ အဲနောက်ထပ် ပျော်စရာကောင်းတာ တစ်ခုရှိသေးတယ် အဲဒါကတော့ တစ်ရွာလုံးမှာ တလုံးပဲ ရှိတဲ့ ဦလေးတို့ ဗီဒီယို ရုံက ဇာတ်ကားပြမဲ့ညတွေပဲ ။ အဲဒီညတွေဆို ရင် ကိုယ်တွေ သိပ်ပျော် တာပဲ။ လေးနာရီထိုးကျောင်းလွှတ်တာနဲ့ စာမြန်မြန်လုပ် ပြီးတာ နဲ့ ဗီဒီရုံကို ပြေး ရုံပတ်ဝန်းကျင်မှာ သူငယ်ချင်းတွေနဲ့ ဘောလုံးကန်ရင်း ဇာတ်ကားပြတဲ့ အချိန်ကိုစောင့် မောရမှန်းမသိ ပန်းရမှန်းမသိ။ အဲအချိန်တုန်းက ရွာက လူကြို က်များတဲ့ မင်းသားတွေက နေတိုး ၊ ပြေတီဦး ၊အောင်ရဲလင်း တို့မဟုတ်ဘူး သီဟတင်စိုး ၊ ရဲမင်းပိုင်၊ အောင်ပိုင်တို့ ကျော်ဝင်းထွဋ်တို့ ။ဒါတောင် ဇာတ်ကားပြနေရင်းနဲ့ တိတ်ခွေကြီးတွေက ထစ်ရင်ထစ် ဒါမှမဟုတ် မီးစက် အစုတ်ကြီးက ပျက်ပျက်နေတတ်လို့ ဇာတ်ကားတစ်ဝက်နဲ့လှည့်ပြန်ရတဲ့ ညတွေ ကရှိသေးတယ် ။ ဒီလိုညတွေဆိုရင် ရင်ထဲမှာ အီလည်လည်ကြီး ဟုတ်တယ်လေ ဒီဇာတ်ကား က နောက်ဘယ်တော့မှ ပြန်ကြည့်ရမယ်မှန်းမသိဘူး။ နောက်ပြီ မီးစက်ကြီးက ပျက်ပြီဆိုရင် တလကိုးသီတင်း နေပေရော့ပဲ။ မေ့နေလို့ ကျွန်တော်တို့လို ကလေးတွေ အတွက် နောက်ထပ် ပျော်စရာတခုရှိသေးတယ်။ ဒါက အဖွားမအုန်း။ သူကမျက်စိမမြင်ဘူး ဘယ်တုန်းက စပြီး မျက်လုံးကွယ်လည်းတော့မသိဘူး။ ကိုယ်တွေ သိတတ်တဲ့ အချိန်ကတည်းက အဖွားမအုန်းက မျက်လုံးကွယ် နေတာပဲ။ အသားဖြူ ဖြူ ၊လူကောင်သေးသေး၊ ခါးကကုန်ကုန်း အသားဘယ်လောက်ဖြူ သလဲဆိုရင် လက်ကအကြေားလေးတွေဆိုတာ စိမ်းနေတာပဲ ။ လမ်းလျှောက်ရင် တောင်ဝှေးတဒေါက်ဒေါက် တရွေ့ရွေ့ နဲ့။ အဖွားမအုန်းမှာ အတူနေတဲ့ သားတယောက်ရှိတယ် ။ နာမည်အရင်းတော့မသိဘူး ရွာကလူတွေခေါ် တာကတော့ နဂါးတဲ့။ ကျွန်တော်ကတော့ ဦးနဂါးလို့ခေါ်တာပေါ့။ ဦးနဂါးက အချိန်ပြည့်မူးနေတာပဲ အလုပ်လည်း ဟုတ်တိပက်တိဘာမှ မလုပ်ဘူး ။ မိုးလင်းမိုး ချု ပ် မူးပြီးမှောက်နေတာပဲ။ သူတို့သားအမိကိုတော့ ရွာက ဆွေးမျိုးနီစပ်တော်တဲ့ သူတွေက စောင့်ရှောက်ကြလို့ စားဝတ်နေရေး အဆင်ပြေနေတာ ။ ဒီလိုမှမဟုတ်ရင်မလွယ်ဘူး။ ဦးနဂါး ရဲ့ မရှိမဲ့ ရှိမဲ့ ကောင်းကွက်ကို ရှာပြောရရင် အမေအိုကြီး ကို နှုတ်နဲ့ရော ကိုယ်ထိလက်ရောက်ရော ဘယ်တုန်းကမှ ပြစ်မှားတာမျိုးမတွေ့ဖူး ဘူး။ သူ့ဘာသာသူ အရက်သောက်ပြီးရင် အိမ်ပြန်လာပြီး မှောက်နေတော့တာ ပဲ။ ညနေဘက်တွေ ဆို အဖွားမအုန်းရဲ့ တဲကလေး က ဖယောင်းတိုင်မီး၊ ရေနံဆီ မီးခွက် မီးတို့ ထွန်းလေ့မရှိပါဘူး။ အမြဲမှောင် နေတာပဲ။ ဟုတ်တယ်လေ လိုမှမလိုပဲ။ သားတော်မောင် ဦးနဂါးကလည်း မူးပြီးမှောက်နေတာ ။အဖွားမအုန်းကလည်း မျက်လုံးမှ မမြင် ပဲ သူ့အတွက် က မှောင်ချင်ရင်မှောင် လင်းချင်ရင် လင်း ပြောင်းဖူးဖက် ဆေးလိပ်တိုလေး ဖွာရှိုက်ပြီး အိမ်ဝမှာ ငုတ်တုပ်လေး ထိုင်နေရ ရင်ကို ပြည့်စုံနေပြီ။ အဖွားမအုန်းကို ကျွန်တော်တို့ ကလေးတွေရဲ့ ပျော်စရာလို့ ပြောရတာ အကြောင်းရှိတယ် ဗျ။ အဖွားမအုန်းက ပုံပြင် အပြောကောင်းတယ် ။ အလကားတော့မရဘူး ။ သူက ဆေးပါ့ လိပ်အပြင် ကွမ်းလည်းကြို က်တတ်တယ် ။သူ့အနားသွားရင် ကွမ်းနံ့လေးကိုသင်းနေတာပဲ။ ကွမ်းစားဆေးကတော့ ထုံးစံအတိုင်း ဗမာဆေးပေါ့။ ကျွန်တော်တို့ ကလေးတသိုက် အဖွားမအုန်း ရဲ့ ပုံပြင်တွေနားထောင် ချင်လာပြီဆိုရင် လုပ်ရတာက ရွာထဲက အိမ်ဆိုင်လေးတွေကို သွား အဲ့ဒီဆိုင် လေးတွေမှာ ကွမ်းစားဆေး တွေ အထုပ်နဲ့ ရောင်းတယ်။ ပိုက်ဆံ ရှိရင် စုပြီးဝယ် ။ မဝယ်နိုင်ရင် ဆိုင်ရှင် ကွမ်းစားဆေး ရောင်းဖို့ ပါကင် ထုပ်တဲ့အခါ လွှင့်ပြစ်မဲ့ ကွမ်းစားဆေး အရိုးလေးတွေကို ရသလောက် တောင်း ပြီ အဖွားမအုန်းအိမ်ကိုပြေး အဖွား သားတို့ ကိုပုံပြင်ပြောပြပါ ဆိုပြီး ကွမ်းစားဆေးနဲ့ လက်ထိုးရင် အဖွားက ကွမ်းချိုး ကပ်နေတဲ့ သွားလေးတွေနဲ့ အစွမ်းကုန်ပြုံးပြရင်း အေးအေး ငါ့မြေလေးတွေ ကျန်းမာပါစေ ချမ်းသာပါစေ ဆိုတဲ့ ဆုတွေ တသီကြီးပေးရင် ပုံပြင်ပြောတော့တာပဲ။ သူပြောပြတဲ့ ပုံပြင်တွေက သိပ်များများ စားစားတော့မရှိဘူး ။ ဒီအထဲက အခုအချိန်ထိစိတ်ထဲစွဲနေတဲ့ ပုံပြင်တပုဒ်ကတော့သစ်ခုတ်သမား သား အဖ ပုံပြင်ပဲ။ သားအဖနှစ်ယောက်နွားလှည်းတစီးနဲ့သစ်ခုတ်သွားရင်း မိုးချု ပ်သွားလို့ အဖေလုပ်တဲ့သူက တောထဲထင်းသွားခုတ်တုန်း သားလေးက ညောင်ပင်အောက်မှာ ရပ်ထားတဲ့ လှည်းအောက်မှအိပ်နေတဲ့အချိန် ညောင်ပင်စောင့် ဘီလူးကြီးက အိပ်နေတဲ့ ကလေးကို သူ့အစာပဲဆိုပြီး ခြေထောက်ကိုဆွဲ ကလေးက သရဏဂုံ ကို ယောင်ပြီးရွတ်တော့ ဘီလူးက ကလေးကို သူတော်ကောင်းဆိုပြီး ဘုရင့်နန်းတော်ထဲက ဘုရင့်အတွက်ပြင်ထားတဲ့ စားတော်ပွဲကို ခိုးပြီး ဗိုက်ဆာနေတဲ့ ကလေးကို ကြွေးတဲ့ ပုံပြင်လေး ပဲ။ ဒီပုံ ပြင်လေးကို အဖွားမအုန်းက ခဏခဏပြောတယ် ပုံပြင်ပြီးတိုင်းလဲ ညအိပ်ရင် အဲဒီကလေးလေးလို ဘုရားရှီခိုး ပြီး သရဏဂုံ ဆိုပြီးမှ အိပ်ဖို့ ဒီလို ရှီခိုးရင် ဘီလူးကတောင် အစာခိုးကြွေးရတယ်ဆိုတဲ့ အကြောင်း ဆုံးမလေ့ရှိတယ်။ ဒီလိုနဲ့ ကလေးဘဝက ဘီလူးကြီးခိုးကြွေးမဲ့ ဘုရင့်စားတော်ပွဲကို စားရလိမ့်နိုးနိုး နဲ့ အိပ်ယာဝင်တိုင်း သရဏဂုံ ကို ရွတ်ခဲ့တာ ယခုအချိန် အရွယ်ရောက်တဲ့အထိပဲ။ သရဏဂုံ ရွတ်တိုင်းလည်း အဖွား မအုန်းကို သတိရတယ်။ အဖွားမအုန်းရဲ့ ကိုယ်သင်းနံ့ဖြစ်တဲ့ ကွမ်းနံ့လေးတွေကိုလည်း သတိရတယ်။ အခုဆို အဖွားမအုန်း ဆုံးပါးသွားတာ နှစ်တွေကြာခဲ့ပြီ။ ကျွန်တော်လည်း ကျွန်တော့် ရွာကလေး ကနေ ထွက်ခွါ လာခဲ့တာ အချိန်တွေကြာခဲ့ပြီ။ ဦးလေးတို့ ဗီဒီယို ရုံ ကြီးလည်းမရှိတော့ ဘူး ၊ ရွာက ကလေးတွေလည်း ဂျင်ပေါက်တာတို့ ကျောက်ရုပ်ကျောက်ပျက် တို့လို ကစားနည်း တွေကို မေ့ကုန်ကြပြီ။ ဦးနဂါး လည်းအရင်လို အရက်မသောက်တော့ဘူးအခုဘုန်းကြီးဝတ်နေလေရဲ့။ ရွာက အဖွားမအုန်းရဲ့ တဲလေးကော ရှိမှရှိသေးရဲ့ လား မသိ။ ဖြစ်နိုင်ရင် အသက်ပြန်ငယ်ပြီး ကွမ်းစားဆေး အရိုးလေးတွေကို ကန်တော့ရင်း အဖွားမအုန်းရဲ့ ပုံပြင်လေးတွေ ကို တဝကြီး ပြန်နားထောင်ချင်ပါသေးတယ် ဒါပေမဲ့ ကျွန်တော် လည်း ပြန်မငယ်နိုင်တော့သလို အဖွားမအုန်းကလည်း ကျွန်တော်တို့ ကလေးတစ်သိုက်အလာကို တဲအပေါက်ဝမှာပြောင်းဖူး ဆေးပေါ့လိပ်ဖွာရင်း ထိုင်စောင့်မနေနိုင်ရှာတော့ပါဘူး ။ အရာအားလုံးက ပြောင်းလဲသွား ခဲ့ပြီကိုး။
နေဝေ

Comments
Post a Comment